ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူအချို့သည် မိုးဦးကျကာလတွင် တောင်ယာစိုက်ပျိုးခြံများနှင့်ချတောင်ပို့များ၊ တောတောင်များအတွင်း၌ သဘာဝအလျောက်ထွက်ရှိသော ငှက်စွတ်မှိုများကို ရှာဖွေကြပါသည်။ ငှက်စွတ်မှို(ခေါ်)မှိုငှက်စိုသည် တော်သလင်းလပြည့်ကျော်နှင့် သတင်းကျွတ်လဆန်းပိုင်း မိုးရွာသွန်းပြီးချိန်တွင် အများဆုံး ထွက်ပေါ်လေ့ရှိသောကြောင့် ဒေသခံအချို့က ထိုအချိန်များတွင် မှိုများကိုလိုက်လံ ရှာဖွေကြပါသည်။ ရရှိလာသောမှိုများကို ချက်ပြုတ် စားသောက်ကြသည့်အပြင် ကျေးရွာရပ်ကွက်များအတွင်း လှည့်လည်ရောင်းချခြင်း၊ ကားလမ်းမကြီးဘေးရှိ ပလပ်ဖောင်းများအပေါ်တွင် ခင်းကျင်းရောင်းချခြင်းနှင့် သီရိမင်္ဂလာဈေးကြီးအတွင်း ခင်းကျင်းကာ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေတစ်ဖက်တစ်လမ်းမှ ရှာဖွေကြပါသည်။ မှိုများကို အဖူး၊ အငုံ၊ အပွင့် အမျိုးအစားနှင့်အရွယ်အစားအလိုက် ဈေးနှုန်းခွဲခြား သတ်မှတ်၍ ရောင်းချကြပါသည်။ မှိုပွင့်ပျှမ်းမျှ တစ်စီးလျှင် ၅ ပွင့်မှ ၆ ပွင့်အထက်ပါသော တစ်စီးလျှင် (၁၅၀၀ ကျပ်မှ ၂၅၀၀ ကျပ်) အထိရောင်းချလျက်ရှိကြောင်းကို ဒေသခံအချို့နှင့် လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအတွင်းရှိ ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(ကယား)
source: https://www.doca.gov.mm
မိုးဦးကာလ ရာသီစာမှို
Category:
Local News